Campus Crusade

Statement of Faith

Mission, Vision & Global Impact

ခရစ်တော်၏သာသနာ့အကျိုးဆောင်အဖွဲ့၏ယုံကြည်ချက်

 

ကျမ်းပေါင်းခြောက်ဆယ့်ခြောက်ကျမ်းပါဝင်သည့် သမ္မာကျမ်းစာသည် ထာဝရဘုရား၏ မမှားနိုင်သောနှုတ်ကပတ် တော် ဖြစ်ပါသည်။ ထိုကျမ်းစာရှိသမျှသည် ထာဝရဘုရားမှုတ်သွင်းတော်မူသောကြောင့် ကျမ်းစာ၌ ဖော်ပြထားချက်အားလုံး သည် ကျွန်ုပ်တို့၏အပေါ် အခွင့်အာဏာတန်ခိုးဖြစ်ကြောင်း ယုံကြည်ပါသည်။
ခရစ်ယာန်တို့က ဤသမ္မာကျမ်းစာတွင်ဖော်ပြထားသည့်ရာဇဝင်များ၊ ဆုံးမခြင်းများ၊ မိန့်မှာချက်များကို လက်ခံ ယုံကြည်သကဲ့သို့ ကျွန်ုပ်တို့ကလည်း လက်ခံယုံကြည်ပါသည်။ ဤအဖွဲ့သည် ထာဝရဘုရားရွေးကောက်ခြင်းခံရသော အဖွဲ့တစ်ခုဖြစ်၍ ခရစ်ယာန်အသင်းတော်အဖွဲ့အစည်းအသီးသီးတို့၏ သမ္မာကျမ်းစာမှ လွတ်လပ်စွာဖော်ပြထားသည့် ယုံကြည်ချက်များကို လေးစားစွာသဘောတူ ပါသည်။ သို့ရာတွင် အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် ထာဝရဘုရား ရွေးကောက်ခန့်ထားသော သာသနာ့ကိစ္စတို့၌ အတားအဆီး၊ အဟန့်အတားပြဿနာများ ဖြစ်လာနိုင်ပါမည်။
ကျွန်ုပ်တို့သည် သမ္မာကျမ်းစာတော်မြတ်၏ အခြေခံသွန်သင်ချက်များကို အောက်ပါအတိုင်း တသွေမတိမ်းလုံးဝ ယုံကြည် ပါသည်။

၁။ စစ်မှန်သောဘုရားတစ်ဆူတည်းသာရှိ၏။ ထိုဘုရားသည် ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဟူ၍ သုံးပါးတစ်ဆူအဖြစ် တည်ရှိပါသည်။ ထိုသုံးပါးတို့၏ ဘုရားဇာတိ၊ အာဏာတန်ခိုးတို့သည် ထပ်တူထပ်မျှ တူညီကြပါသည်။

၂ ။ ယေရှုခရစ်သည် ဘုရားဖြစ်၏။ အသက်ရှင်သောနှုတ်ကပတ်တော်ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အပျိုကညာ မာရိဝမ်းတွင်ပဋိသန္ဓေစွဲယူကာ မွေးဖွားခြင်းခံတော်မူ၍ လူ့ဇာတိကို ခံယူတော်မူသည်။ ယေရှုသည် လူ့လောကတွင်နေထိုင်ခဲ့စဉ်ကာလတစ်လျှောက်လုံး၌ အစဉ်အမြဲဘုရားဇာတိတော်နှင့် လူ့ဇာတိအသွေးအသား ပေါင်းစည်း ထားပါသည်။

၃။ ယေရှု၏အသက်တာသည် အပြစ်လုံးဝကင်းစင်သည်။ လက်ဝါးကပ်တိုင်ပေါ်တွင် လူသားတို့ကျူးလွန်ခဲ့သော အပြစ် များအတွက် ကိုယ်စားအသက်စွန့်ကာ အသေခံခဲ့သည်။ ယေရှုခရစ်တော်သည် သူ့ကို ယုံကြည်သောသူတို့အား ကယ်တင်ခြင်းကိုရစေခြင်းဖြင့် ထာဝရဘုရား၏စိတ်တော်ကို ကျေနပ်နှစ်သိမ့်စေတော်မူသည်။ ယေရှုသည် မိမိအသက်ရှင်စဉ်ကခံယူသည့် ကိုယ်ခန္ဓာတော်ဖြင့် အသေခံခဲ့သော်လည်း ဘုန်းအသရေဖြင့်ပြည့်စုံသည့် ကိုယ်ခန္ဓာ တော်ဖြင့် ရှင်ပြန်ထမြောက်တော်မူခဲ့ ပါသည်။

၄။ ထိုဘုန်းအသရေတော်နှင့်ပြည့်စုံသည့်ကိုယ်ခန္ဓာတော်ဖြင့် ကောင်းကင်ဘုံသို့တက်ကြွတော်မူပြီး ခမည်းတော်ဘုရား၏ လက်ျာတော်ဘက်၌ ထိုင်နေတော်မူသည်။ ထာဝရဘုရားနှင့်လူတို့စပ်ကြား၌ လူဖြစ်တော်မူသော ထိုယေရှုခရစ်တော် တည်းဟူသော အာမခံတစ်ဦးတည်းသာရှိ၍ ယုံကြည်သူတိုင်းတို့အတွက် အစဉ်အယူခံဝင်ပေးလျက် ရှိတော်မူသည်။

၅။ ထာဝရဘုရားသည် လူကို သူ၏ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခဲ့ပါသည်။ လူသည် ထာဝရဘုရား၏စကားကို နားမထောင်၍ အပြစ်ကိုပြုမိသဖြင့်၊ ဖန်ဆင်းရှင်ထံပါးမှ ခွဲခွာသွားရပါသည်။ ဤဆုံးရှုံးမှုကြီးက လူသားတစ်ရပ်လုံး အား အပြစ်စီရင်ခြင်းကို ခံစေခဲ့ပါသည်။

၆။ လူ့ဇာတိသဘောသည် ထာဝရဘုရား၏စိတ်တော်နှင့် မတွေ့နိုင်ပါ။ ထို့ကြောင့် လူသည် ဒုတိယမွေးခြင်းကို သန့်ရှင်း သော ဝိညာဉ်တော်အားဖြင့်ခံယူ၍ အသက်တာသစ်သို့ ပြောင်းလဲရန် လိုအပ်ပါသည်။

၇။ လူသည် မိမိ၏ကျိုးစားမှု၊ ကျင့်ကြံမှု၊ ကုသိုလ်ကောင်းမှု၊ ဘာသာရေးကိုင်းရှိုင်းမှုတို့ကြောင့်မဟုတ်ဘဲ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်နိုင်ပါသည်။ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရ သောသူသာလျှင် ထာဝရဘုရား၏ရှေ့တော်၌ ကရုဏာတော်ကိုခံစားရပြီး ဖြောင့်မတ်ရာသို့ ရောက်ပါမည်။

၈။ ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံသည့်အချိန်မှစ၍ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒုတိယ မွေးခြင်းကိုခံသောသူ ရှိသမျှတို့အား ထာဝရဘုရားသခင်က ကယ်တင်ခြင်းစိတ်ချမှုကို ပေးတော်မူပါသည်။ ထိုကယ်တင်ခြင်း စိတ်ချမှုအာမခံချက်ကို လူတို့ကထိုက်တန်၍ ရရှိခြင်းမဟုတ်ပေ။

၉။ သန့်ရှင်းသောဝိညာဉ်တော်က နှုတ်ကပတ်တော်အားဖြင့် ယုံကြည်သောသူများကို ကယ်တင်ခြင်းစိတ်ချမှုကိုသိစေရန် အတွက်ပြုပေး ပါသည်။

၁၀။ သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်၏ဘုန်းတော်ကို ထင်ရှားစေရန်နှင့်လူတို့အားအပြစ်ကိုဖော်ပြပြီး ခရစ်တော်ထံသို့ ပို့ဆောင်ပေးပါသည်။ ထို့အပြင် ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်းခံရသည့်အချိန်မှစ၍ အသစ်သောအသက်တာကို ရရှိစေပြီး ထိုသူ၏အထဲ၌အစဉ်ကျိန်းဝပ်တော်မူကာ ကယ်တင်ခြင်းနေ့ရက်တိုင်အောင် တံဆိပ်ခတ်တော်မူ ပါသည်။ ထိုဝိညာဉ်တော်၏ တန်ခိုးတော်နှင့် အခွင့်အာဏာတော်ကို ယုံကြည်ခြင်းအားဖြင့်သည် ရရှိနိုင်ပါသည်။

၁၁။ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့် ဇာတိပကတိ၏အလိုသို့မလိုက်ဘဲ၊ အသီးသီး၍ ဘုရားသခင်၏ ဘုန်းတော် ကို ထင်ရှားစေရန် ထိုဝိညာဉ်တော်သည် ကျွန်ုပ်တို့၏စိတ်နှဘုံးထဲ၌ ကျိန်းဝပ်အုပ်စိုးနေပါသည်။ ထိုသို့အသက်ရှင်ရန် ယုံကြည်သူတိုင်းအား ရွေးချယ်တော်မူ ပါသည်။

၁၂။ ယေရှုခရစ်တော်သည် အသင်းတော်၏ဦးခေါင်း ဖြစ်တော်မူ၏။ အသင်းတော်သည် ယုံကြည်သူများ (သေလွန်ပြီးသူနှင့် အသက် ရှင်နေသူရှိသမျှတို့ဖြင့်) ပါဝင်ဖွဲ့စည်းထားသည့် ခရစ်တော်၏ကိုယ်ခန္ဓာ ဖြစ်တော်မူသည်။

၁၃။ ထာဝရဘုရားသည် ယုံကြည်သူတို့အား ကိုးကွယ်ဝတ်ပြုရန်လည်းကောင်း၊ အချင်းချင်းခွန်အားရရှိစေရန်လည်း ကောင်း၊ စည်းဝေးခြင်းအမှုကို မလွှဲမရှောင်ပြုရမည့်အကြောင်း တိုက်တွန်းအားပေးတော်မူပါသည်။

၁၄။ ယုံကြည်သူသည် ကိုယ်ခန္ဓာသေလွန်သည်နှင့်တချိန်တည်း ထာဝရဘုရား၏ခြေရင်းတော်သို့ အသိတရားရှိလျက်နှင့် ဝင်စား ရမည်။ ထာဝရဘုရားနှင့် မိဿဟာယဖွဲ့လျက် ကိုယ်ခန္ဓာဖြင့်ရှင်ပြန်ပြီး ထာဝရဘုရား၏ချီးမြှင့်ခြင်းခံစားရန် စောင့်ဆိုင်းနေ ရမည်။

၁၅။ မယုံကြည်သူသည် ကိုယ်ခန္ဓာသေလွန်သည်နှင့် တချိန်တည်း ထာဝရဘုရားထံမှ ထာဝရခွဲခွာခြင်းခံရမည်။ အသိတရားရှိလျက်ပင် တရားစီရင်ဆုံးဖြတ်ခြင်းနှင့် ထာဝရအပြစ်ဒဏ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေရမည်။

၁၆။ လူ့ရာဇဝင်ကို အဆုံးသတ်ရန်နှင့် ထာဝရဘုရား၏အကြံအစည်တော်ကို ပြည့်စုံစေရန်၊ ခရစ်တော်သည် လောကသို့ မြင်နိုင်သော ကိုယ်ခန္ဓာကိုဆောင်၍ ကိုယ်တိုင်ပြန်လည်ကြွလာတော်မူမည်။

၁၇။ သခင်ယေရှုခရစ်တော်သည် ယုံကြည်သူခရစ်ယာန်တိုင်းအား၊ ကမ္ဘာအစွန်းတိုင်အောင် ဧဝံဂေလိတရားတော်ကို ဟောပြောရန်နှင့် လူမျိုးတကာတို့အား တပည့်တော်ဖြစ်စေရန် မိန့်တော်မူခဲ့ ပါသည်။ ဤကြီးမြတ်သောစေခိုင်းမှု ပြီးပြည့်စုံစေရန်အတွက် လောကနှင့်စပ်ဆိုင်သော ကိုယ်ပိုင်ရည်ရွယ်ချက်အားလုံးထက် ကျွန်ုပ်တို့ကိုချစ်၍ ကျွန်ုပ်တို့ အတွက် အသေခံတော်မူသောအရှင်၏အလိုတော်ကို ဦးစားပေး၍ လုံးဝဆက်ကပ်အပ်နှံလျက် အမှုတော်မြတ်ကို ထမ်းဆောင်ရမည်။